Apr 17, 2009

ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် နှစ်သစ်မှာ စုစည်းကျပါစေ


ကျနော်တို့ နိုင်ငံရဲ့ အဓိက အခက်အခဲဟာ ငါနဲ့မတူရင် ရန်သူလို့ သတ်မှတ်တဲ့ ကလေးဆန်တဲ့ စိတ်ဓါတ်တွေ ဖြစ်ပါတယ်။ ကိုယ်နဲ့ လူမျိုးမတူတဲ့ တိုင်းရင်းသားတွေကို အထင်သေးပါတယ်။ (ဗမာသည် တိုင်းရင်းသား တစ်ခုဖြစ်သည်) ကိုးကွယ်မှုမတူတဲ့ ဘာသာဝင်တွေကို အကျင့်သိက္ခာ အားနည်းနေသူတွေလို့ မြင်တယ်။ ဆန့်ကျင်ဖက် နိုင်ငံရေးအယူအဆတွေကို လက်ခံစဉ်းစားပေးမှုမလုပ်ပဲ ချေမှုံန်း ဖို့ပဲကြိုးစားပါတယ်။ ဒီစိတ်ဓါတ်တွေရှိနေတရွေ့ ခင်ဗျားတို့ ကျနော်တို့ မွေးဖွားတဲ့ မြန်မာပြည်ဟာ ဘယ်တော့မှ သာယာတိုးတက်လာမှ မဟုတ်ပါဘူး။

ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် အပြန်အလှန် လေးစားတတ်ဖို့ လိုလာပါပြီ။ ခရစ်ယာန်တွေကို ဗုဒ္ဓဘာသာရဲ့ အန္တာရယ်လို့ မမြင်သင့်ပါဘူး။ တဖက်ဘာသာကို မနာလိုဖြစ်နေတာ အကျိုးမရှိပါဘူး။ ခရစ်ယာန်တွေပြောစရာမဖြစ်အောင် ဗုဒ္ဓဘာသာကို စည်းကမ်းရှိအောင်လုပ်ပါ။ သန့်ရှင်းနေအောင်လုပ်ပါ။ အဲလိုယှဉ်ပြိုင်တဲ့ စိတ်ဓါတ်ဟာ ဗုဒ္ဓသာသနာအတွက် အလွန်အကျိုးရှိပါတယ်။

ခရစ်ယာန်ညီနောင်တွေလည်း ဘာသာမတူလို့ ဗုဒ္ဓဘာသာဝင်တွေအပေါ် ခွဲခြားစိတ်မထားပါနဲ့တော့။ ခင်ဗျားတို့က လူနည်းစုပါ။ လူများစုနဲ့ အဆင်ပြေမှ အလုပ်အကိုင်နဲ့ စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လင်းလာမှာပါ။ အဲဒါဆိုရင် မြန်မာနိုင်ငံကြီးဟာ ခရစ်ယာန်တွေအတွက် ပိုမိုနေပျော်တဲ့ နိုင်ငံဖြစ်လာမှာ ဖြစ်ပါတယ်။

ဘာသာမတူတဲ့သူတွေအချင်းချင်း အပြန်အလှန်လေးစားတဲ့ အသိုင်းအ၀န်းက ပေါက်ဖွားလာတဲ့ နိုင်ငံရေးသမားတွေလည်း ၀ါဒမတူတဲ့သူတွေကို လေးစားလာပါလိမ့်မယ်၊ လူမျိုးမတူတဲ့သူတွေလည်း အချင်းချင်း လေးစားလာပါလိမ့်မယ်။ ဒါဆိုရင် ကျနော်တို့ တိုင်းပြည်ဟာ ငြိမ်းချမ်းလာမှာပါ။ ဒါ့ကြောင့် ခရစ်ယာန်တရားတေးနဲ့ နှစ်သစ်မှာ တင်ဆက်ပေးလိုက်ပါတယ်။

မြန်မာပြည်မှာမွေးတဲ့
တောသားနှစ်ယောက်


No comments: