May 26, 2009

အဘိဓမ္မာနှင့်ဝိပဿနာ


အဘိဓမ္မာဟူသည် အလွန်သိမ်မွေ့နူးညံ့သောဓမ္မ၊ အလွန်နက်နဲခက်ခဲသောဓမ္မ၊ အလွန်ကျယ်ပြန့်သောဓမ္မ၊ အလွန် ထူးကဲသောဓမ္မဖြစ်သည်။ ဓမ္မဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက်တရား၊ သဘာဝတရား၊ ပကတိတရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရားတို့ဖြစ်သည်။ အလွန့် အလွန် သိမ်မေ့နူးညံ့သော၊ ခက်ခဲနက်နဲသော၊ ထူးကဲကျယ်ပြန့်သော၊ သတ္တ အတ္တ မဟုတ်သော ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော သိအပ်သော ထိုအဘိဓမ္မာကို မြတ်ဗုဒ္ဓသည် နတ်ပြည်၌ ဟောခဲ့သည်။ ထိုမျှ ခက်ခဲသော ဓမ္မကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တစ်ဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန ဧက၀ါရ နာကြားနိုင်မှ တတ်သိ နားလည်နိုင်မည်ဖြစ်သည်။

လူတို့ဌာနမှာ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့်အယှက်များသည် အလုပ်တိုင်း၌ ၀င်ရောက်ဟန့်တားလေ့ရှိသည်။ အလုပ်တစ်ခု၌ စိတ်ကူးစူးစိုက်နေခိုက် ကိုယ်ခန္ဓာပင်ပန်းခြင်း၊ အလေး အပေါ့ သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ၀င်ရောက်နှောင့်ယှက်သောကြောင့် အလုပ်၌ စူးစိုက်ထားသော သမာဓိ ပျက်စီးရလေသည်။ ထို့ကြောင့် ပြတ်တောင်းပြတ်တောင်း ကြိမ်ပေါင်းများစွာ ဟောရလျှင် ထိုမျှ နက်နဲသည့် အဘိဓမ္မာသည် လူတို့ပြည်၌ အရာထင်၍ ကျန်ခဲ့မည် မဟုတ်ပေ။ နတ်တို့ဌာနေမှာကား အချိန်ကွာခြားချက်ကလည်း ဝေးလွန်းလှသည်။ လူ့ပြည်မှာ နှစ်တစ်ရာ တာဝတိံသာ နတ်ပြည်မှာ တစ်ရက်ဖြစ်သည်။ ထို့ကြောင့် စားချိန်အိပ်ချိန်တို့မှာ ကျဲလွန်းလှသည်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း ညောင်းညာပင်ပန်းခြင်းလည်း မရှိသော ထိုနတ်များမှာ (၁၅)မိနစ်မှာ(သူတို့အချိန်ဖြင့်)ခန့်မျှသာရှိမည့် ထို အဘိဓမ္မာတရားပွဲကို တစ်ဆက်တည်း၊ တစ်ထိုင်တည်း၊ တစ်စိတ်တည်း၊ တစ်ဝီထိတည်း နားကြားခဲ့ကြလေသည်။ ထို့ကြောင့် ထိုနတ်များပြည်ဝယ် ဆက်တိုက်ဟောခဲ့သော ထိုအဘိဓမ္မာကို လူတို့ပြည်ဝယ် အရှင်သာရိပုတ္တရာ အားသာလျှင် ရက်ပေါင်းကိုးဆယ် အကြိမ်ကိုးဆယ် ပြန်လည်ဟောတော်မူ ခဲ့ပါလေသည်။ အရှင်သာရိပုတ္တရာ ဖြစ်၍သာ ထိုအဘိဓမ္မာ ကို ရက်ခြား၍ နားကြားပြီး ဆောင်ထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။

အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓထံမှ အကျဉ်းချုပ် နာကြားခဲ့ရသော အဘိဓမ္မာကို သူ၏တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် ပြန်ဟောခဲ့လေသည်။ ထူးဆန်းသည်မှာ အဘိဓမ္မာကို အရှင်သာရိပုတ္တရာထံမှာ သင်ယူကြသော ရဟန်းတို့သည် မြတ်ဗုဒ္ဓတာဝတိံသာသို့ တက်ကြွသွားသောနေ့ကမှ ရှင်သာရိပုတ္တရာထံမှာ ရဟန်းပြုကြသော ရဟန်းသစ်များ ဖြစ်ကြလေသည်။ သရက်ဖြူပင်ရင်းက တန်ခိုးပြာဋိဟာပွဲကို ကြည်ညိုကြသော အမျိုးကောင်းသား(၅၀၀) တို့သည် ထိုနေ့(၀ါဆိုလပြည့်)မှာပင် ရဟန်းပြုကြ ထိုနောင် တစ်နေ့မှာပင် အဘိဓမ္မာ ကို နာကြားကြရလေသည်။ ထို အဘိဓမ္မာတရားသည်ပင် ထိုရဟန်းတို့အတွက် ၀ိပဿနာ ဖြစ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ဝါတွင်းမှာပင် ထိုရဟန်း(၅၀၀)တို့သည် ရဟန္တာဖြစ်ကြပြီး ထိုဝါ (မြတ်ဗုဒ္ဓခုနှစ်ဝါမြောက်) ကျွတ်မှာပင် ထိုရဟန်းများ အဘိဓမ္မာ(၇)ကျမ်း ဆောင်တို့ (အာဘိဓမ္မိက သတ္တပကရဏိက) ဖြစ်ခဲ့ကြလေသည်။ မြတ်ဗုဒ္ဓသည် ဓမ္မ အားလုံးတို့ကို ရှေးဦးစွာ စုပေါင်းသိမ်းကျုံး၍ပြသည်။ ထို့နောင် အသေးစိတ် ခွဲခြမ်းဝေဖန်၍ပြသည်။ တစ်ဖန် ဓာတ်ခွဲ၍ပြသည်။ သိမ်းကျုံး၍ ခွဲခြမ်း ဝေဖန်ထားသော ထိုဓမ္မအသေးစိတ်ကို ပုဂ္ဂိုလ်နှင့်ယှဉ်စပ်သတ်မှတ်တော်မူပြန်သည်။ ထို့နောင် ၀ါဒအမျိုးမျိုးနှင့် နှိုင်းယှဉ်၍ ဝေဖန် ဆန်းစစ်တော်မူပြန်သည်။ ထို့နောင် အစုံစုံ ပြန်စုပုံ၍ အကြောင်းအကျိုး ဆက်စပ်ပြပြန်သည်။ အဘိဓမ္မာ(၇)ကျမ်း၌ စိတ်၊ စေတသိက်၊ ရုပ်တို့ စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ၀ါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်းကျိုးဆက်ခြင်းဟူသော ခုနှစ်ပါးသော နည်းစနစ်တို့သည် တကယ်စင်စစ် အလွန်လေးနက်သည့် ၀ိပဿနာ နည်းစံနစ်များ ဖြစ်ကြကုန်၏။ ထို့ကြောင့် အဘိဓမ္မ၀ိပဿနာကို နာကြားကြရသော ထိုအဘိဓမ္မာ၏ အစစွာသော နေ့တွင်မှ ရဟန်းပြုခဲ့ကြသော ရဟန်းငါးရာတို့သည် အဘိဓမ္မာပြီးဆုံးသော နေ့မှာပဲ သူတို့ ၀ိပဿနာလုပ်ငန်း ပြီးဆုံးသောနေ့ပင် ဖြစ်ရလေမည်။

ဝိပဿနာဟူသည် အထူးထူးသောနည်းတို့ဖြင့် ရုပ်နာမ်တို့၏ ပကတိ၊ သဘာဝ၊ နိယာမ၊ ကာရဏ၊ နိဿတ္တ၊ အနတ္တ၊ ပရမတ္ထ တို့ကို ရှု၍၊ စူးစမ်း၍၊ ထွင်းဖောက်၍ သစ္စာနှင့် သန္တိကို ရှာဖွေသောစနစ်၊ နည်းပညာတစ်ခုပင်ဖြစ်သည်။ ရုပ်၏ သဘာဝ ရုပ်နှင့်ရုပ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံ၊ နာမ်၏ သဘာဝ နာမ်နှင့်နာမ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံတို့ကို ဉာဖြစ်စဉ် ဆယ်မျိုးမှာ ပြထားသည့်အတိုင်း သန့်စင်ပုံခုနှစ်မျိုးတိုးတက်ပုံများမှာ ပြထားသည့်အတိုင်း အတွင်းကိုနှိုက် စူးစိုက်၍ အရှိကို ရှာဖွေသောနည်းသည် ၀ိပဿနာပင်ဖြစ်ရာ ၀ိပဿနာနှင့် အဘိဓမ္မာ တသားတည်းဖြစ်လေသည်။ ၀ိပဿနာရှုခြင်းသည် အဘိဓမ္မာကိုပင် ရှုသည်ဖြစ်သောကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာ ခွဲ၍မရဖြစ်သည်။ အဘိဓမ္မာတတ်မှ ၀ိပဿနာရှုရမည်ဟု ဆိုလိုသည်မဟုတ်သော်လည်း ၀ိပဿနာရှုနေခြင်းသည် အဘိဓမ္မာ သင်ကြားနေခြင်း တစ်မျိုးလည်းဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်တို့သည် တလံမျှသော ကို၌ အစဉ်အမြဲရှိ၍နေသောကြောင့် ထိုအကြောင်းအရာကို လေ့လာနေခြင်း၊ သင်ယူနေခြင်းနှင့် ထို စိတ်၊ စေတသိက်၊ ရုပ်တို၏ သဘာဝကို စူးစူးစိုက်စိုက် ကြည့်နေခြင်းတို့သည် ခွဲခြား၍မရနိုင်သော လုပ်ငန်းများဖြစ်ကြသည်။

အနိမ့်ဆုံးအားဖြင့် ဆိုရပါလျှင် နာမ်ရုပ်မသိလျှင် ၀ိပဿနာမဖြစ်သောကြောင့် အဘိဓမ္မာနှင့် ၀ိပဿနာခွဲ၍ မရကြောင်း သေချာလှပါသည်။ နာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံသာ အကြောင်းရင်း ရှိကြောင်း၊ ကံ၊ စိတ်၊ ဥတု အာဟာရသာ အထောက်အပံ့ရှိကြောင်း ကောင်းစွာဖော်ပြသည့် အဘိဓမ္မာပါမှ ပစ္စယပရိဂ္ဂဟဉာဏ် အပိုင်ရ၊ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိဖြစ်ကောင်း ကောင်းမြတ်သော အကျိုးကျေးဇူးတို့ကို ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့က ကောင်းစွာ ထောက်ပြခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာခွဲခြားမရသည့် အညမညပစ္စည်း စင်စစ်ဧကန် ဖြစ်သဖြင့် ၀ိပဿနာယောဂီ တို့ လူ့ဘ၀ကို လေ့လာသည့်နည်းပညာဖြစ်သည့် အဘိဓမ္မာကို လက်မလွှတ်သင့်ကြောင်း ကောင်းစွာ တင်ပြအပ်ပါသည်။

သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်ကို ပြန်လည် ရေးသား ဖော်ပြခြင်းဖြစ်ပါသည်။

မူရင်း = ဓမ္မအလင်းရောင်
(ယုံကြည်ချက် ။ ။ မုဒိမ်းကောင် လူရမ်းကား ၀ါဒကို ဒေါသမထွက်ပါနဲ့… နှိပ်ကွပ်ရလို့လဲ ပီတိမဖြစ်ပါနဲ့. . . ကုလားကိုလဲ လူမျိုးရေး မနှိပ်ကွပ်ပါနဲ့ . . အဲဒါတွေက အကျိုးမရှိပါဘူး။ ယုတ်ညံ့သည့် ၀ါဒဆိုးကြီးကို ဖြိုဖျက်ရေးမှာ ခင်ဗျားကိုယ်တိုင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် လုပ်ကိုင်ရေးက လက်တွေ့အကျဆုံးဖြစ်ပါသည် )

No comments: