Dec 10, 2009

နှစ်သစ်မှာ စိတ်လည်းအသစ်ဖြစ်ပါစေ





View More Free Videos Online at Veoh.com


အချိန်တွေကလည်း ကုန်မြန်လိုက်တာ။ မကြာမီ ၂၀၀၉ ကုန်ပြီး ၂၀၁၀ ရောက်ပါတော့မယ်။ အချိန်တွေ ပြောင်းသွားပေမယ့် မြန်မာတွေရဲ့ စိတ်ထားတွေကတော့ မပြောင်းလဲပဲတည်မြဲနေပါတယ်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ ကျော်သည်အထိ နိုင်ငံရေး အယူဝါဒမတူညီတဲ့သူတွေ အကြား အမုန်းအဃာတတွေ ကြီးထွားနေဆဲ။ နအဖ ထောက်ခံသူများက ဒီမိုသမားတွေ ဘာပဲလုပ်လုပ် အဆိုးမြင်သည်။ သူတို့ကတော့ နအဖလုပ်သမျှ အားလုံးကို မထောက်ခံဘူးလို့ လူကြားကောင်းအောင်ပြောနေပါသည်။ နအဖလုပ်ရပ်အမှားများနှင့်ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေပေမယ့် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပြစ်လုပ်ရင် စောက်တင်းတွေ စွတ်ပြောနေတဲ့လုပ်ရပ်ဟာ မရိုးသားဘူးဆိုတာ သိသာပါတယ်။ တစ်ခုသတိထား၇န်မှာ နအဖခေတ်တွင် လမ်းတံတားဖေါက်လို့ တိုင်းပြည်တိုးတက်လာမှုအတွက် စစ်တပ်က ဂုဏ်ယူစရာမလိုဘူးဆိုတာပါပဲ။ ဦးရှုမောင်လက်ထက်မှာ၂၆နှစ်လုံးလုံး တိုင်းပြည်အရေးကို ဘာမှမလုပ်ပဲ စည်းစိမ်ယစ်မူးခဲ့တာ သတိရပါ။ ၈၈မှာ လူထုက ဆင်းရဲဆုံး ၁၀ နိုင်ငံစာရင်းဝင်တဲ့အချိန် မခံမရပ်နိုင်လို့ လမ်းမတွေပေါ်ထွက်ပြီး အသေခံဆန္ဒပြရာက စစ်တပ်က တရေးနိုးလာပြီး . . . . . .အခုလို လမ်းတံတားတွေ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ၈၈လူထုအရေးအခင်းသာ မဖြစ်ခဲ့လျှင် ယခုလိုပြောင်းလဲလာမှာ မဟုတ်ပါ။ တနည်းအားဖြင့် အရေးအခင်းကြောင့် စစ်တပ်က အခုလိုလုပ်လာခြင်းဖြစ်လို့ ကျောင်းသားဟောင်းများနဲ့ ပြည်သူလူထုကသာ တိုးတက်မှုအတွက် ဂုဏ်ယူရမှာဖြစ်ပါတယ်။ ဒီစကားကို စစ်တပ်ကလူတွေ လက်မခံလိုပေမယ့် ဒါဟာ အမှန်တရားပါ။ (စစ်တပ်ဟာ အမြဲတစေ ချီးကျူးခံချင်တယ်ဆိုတာလဲ သဘောပေါက်ပါတယ်)

ဒီမိုဝါဒီများကလည်း နအဖ အပေါ် အမုန်းအဃာတသိပ်ပြီးကြီးလွန်းပါတယ်။ နအဖဒုက္ခရောက်မယ်ဆိုရင် နည်းနည်းပဲဖြစ်ဖြစ် ရတဲ့နည်းနဲ့ လုပ်ကျပါတယ်။ ဥပမာ စီးပွားရေးပိတ်ဆို့တဲ့ ကိစ္စကိုကြည့်ပါ။ နအဖကို စိတ်အနှောက်အယှက်သာဖြစ်စေပြီး ပြည်သူတွေကိုသာ အဓိက ထိခိုက်စေတယ်ဆိုတာ မျက်ဝါးထင်ထင်မြင်တွေ့နေရပါပြီ။ ဒါပေမယ့် မိမိရဲ့အမှားကို လက်ခံပြီး စီးပွားရေးပိတ်ဆို့တာရပ်ဆိုင်းဖို့ထက် ပြည်သူတွေကို ဒုက္ခကို ဂရုမစိုက်ပဲ သပိတ်မှောက်ရေးကိုပဲ ဆက်လက်စွဲကိုင်နေတာ လုံးဝမမှန်ကန်ပါဘူး။ အဲလို မရိုးသားမှုတွေလုပ်တဲ့ ဒီမိုဝါဒီတွေနဲ့ ချီးမွမ်းခံလိုမှုတွေ သိပ်ပြီးစွဲလန်းနေတဲ့ စစ်တပ်တွေအကြား အမုန်းအဃာတတွေ ကြီးနေတာပေါ့။ အဲလိုအမုန်းကြီးလေ ကျွန်ကုလားများ၊ အနောက်ဖက် အစိုးရများ၊ တရုတ်ကြီးတွေက လွယ်လွယ်ကူကူ သပ်လျှိုနိုင်လေပါပဲ။

ကျုပ်တို့အဖြစ်က ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ လူမျိုးရေးဝါဒအစွဲတွေကလည်း သိပ်ကိုကြောက်ဖို့ကောင်းပါတယ်။ ကချင်၊ ကရင်၊ ရခိုင်၊ ဗမာ၊ မွန်၊ ရှမ်းဆိုတဲ့ တံဆိပ်တွေနဲ့ပေါ့။ လူမျိုးရေး တံဆိပ်တွေကို ကြည့်ပြီး အထင်သေးမှုတွေ၊ အမုန်းပွားမှုတွေရှိနေပါတယ်။ ဗမာတချို့ဟာ ဗမာမဟုတ်သူ မြန်မာလူမျိုးများအပေါ်မှာ အထင်အမြင်သေးမှုရှိနေပါတယ်။ (အဲဒီဗမာတွေဟာ တရုတ်၊ ကုလား၊ အဖြူတွေကိုတော့ အထင်မသေးရဲပါဘူး။ အိမ်ကျယ်တွေပေါ့ဗျာ) ထို့အတူပဲ ဗမာလူမျိုးအားလုံးကို မုန်းတီးနေတဲ့ ကချင်၊ ကရင်၊ ရခိုင်၊ ကယား၊ မွန် တွေလဲရှိနေကြပါတယ်။ အဲလိုပြောလို့ ကချင်အချင်းချင်း ချစ်ခင်တယ်၊ ဗမာအချင်းချင်း ချစ်ခင်တယ်၊ ရခိုင်အချင်းချစ်ခင်တယ်၊ ကရင်အချင်းချင်း ချစ်ခင်တယ်လို့ ဆိုလိုချင်းမဟုတ်ပါ။ သူများအမျိုးကို မုန်းပြီး ကိုယ့်လူမျိုးအချင်းချင်းလည်း ချစ်ခင်ကြတာမဟုတ်ပါဘူး။ ကချင်အချင်းချင်း ၊ ဗမာအချင်းချင်း၊ ကရင်အချင်းချင်း၊ ရခိုင်အချင်းချင်းစသဖြင့် လိမ်ညာကောက်ကျစ်တာတွေ အများကြီးရှိနေပါတယ်။

ဒီလိုအမုန်းတရားတွေ ကြီးထွားနေတဲ့ ကျုပ်တို့ အမိနိုင်ငံကြီးအတွင်းမှာ ဆင်းရဲ မွဲတေပြီး ဒုက္ခပေါင်းစုံကြုံတွေ့နေရတာ မအံ့သြပါဘူး။ အမုန်းအဃာတကြီးတဲ့ ကျုပ်တို့ လူ့ဘောင်ထဲမှာရှိတဲ့ မိသားစုတွေအတွင်း မှာလည်း အဆင်မပြေမှုတွေဖြစ်ကုန်တာပေါ့။ မောင်နှမအချင်းချင်း အပေါ်ယံပဲ ချစ်ခင်ကျပါတယ်။ အိမ်ထောင်ကျသွားရင် အမွေလုဖို့ပဲ ပြင်ဆင်နေပါတယ်။ ဆွေမျိုးအချင်းချင်း စောင့်ရှောက်မှုတွေက သိပ်ကိုနည်းပါးလွန်းပါတယ်။ သူငယ်ချင်း အချင်းချင်း နစ်နာခံတယ်ဆိုတာလဲ မရှိတော့ပါဘူး။ လူတွေအပေါ် ဘယ်လို လိမ်ညာပြီး ချမ်းသာအောင် လုပ်ရမလဲဆိုတာပဲ တွေးခေါ်ကြံဆနေပါတယ်။ အင်မတန် စိတ်ပျက်ဖို့ကောင်းတဲ့ လူ့ဘောင်ကြီးပါ။

၂၀၁၀ နှစ်သစ်ကို ရောက်ပါတော့မယ် . . . ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စောက်တင်းပြောရင်း ပါးစပ်အရသာ ခံနေတဲ့ အကျင့်ဆိုးတွေ ဖျောက်ပါတော့လို့ မေတ္တာရပ်ခံပါတယ်။ ဗမာ၊ ကရင်၊ ကချင်၊ ရခိုင်၊ မွန်၊ ရှမ်း၊ ချင်း ဆိုတဲ့ လူမျိုးအစွဲတွေလည်း ဖျောက်ပါတော့။ လက်တွေ့ကျပြီး အဓိကအရေးကြီးတာ သူများကို ဆရာမလုပ်ခင် မိမိကိုယ်ကို ကောင်းအောင်အရင် ကြိုးစားပါ။ မိမိကိုမွေးထားတဲ့ မိဘနှစ်ပါးကို လေးစားရိုသေကြပါ။ ပြီးလျှင် မောင်နှစ်မတွေ အချင်းချင်း ချစ်ခင်မှုရအောင် ကြိုးစားပါ။ (အပေါ်ယံပဲ မချစ်ကြပါနဲ့) မိမိအသိုင်းအ၀န်းအတွင်းမှာ ဒုက္ခရောက်နေသူတွေကို စိတ်အား၊ ကိုယ်အား၊ ငွေအား တတ်နိုင်သလောက် ကူညီပေးချင်းနဲ့ မြန်မာ့လူဘောင်ကြီးမှာ မေတ္တာတရားတွေ ပွားများလာအောင် ကြိုးပမ်းပေးကြပါ။ ကျုပ်တို့လူ့ဘောင်ကြီးကို မပြုပြင်ပဲ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စောက်တင်းပြောနေလို့လည်း ဘာမှ ထူးမှာ မဟုတ်ပါဘူး။

အထက်က ဗီဒီယိုတွေကိုကြည့်လိုက်ပါ။ ကျုပ်တို့ ရှေးမြန်မာကြီးတွေ (ကရင်၊ ကချင်၊ ကယား၊ ရခိုင်၊ မွန်၊ ဗမာ ၊ ရှမ်း၊ ပအို့ အားလုံးကို ရည်ညွှန်းပါသည်။) အမျိုးဘာသာထိမ်းသိမ်းခဲ့ခြင်းရဲ့ ကျေးဇူးများကို အော့မေ့ကြပါ။ ဘာသာတရား၏ အလေးပါပုံကို သိမြင်ကြပါ။ မြန်မာဖြစ်ရတာကိုလည်း ဂုဏ်ယူပါ။ ဒါနဲ့တင် တင်းတိမ်လို့ မရေသေးပါဘူး။ တကယ်တော့ မိမိ အတ္တကိုလျှော့ပြီး တခြားလူတွေကို ကူညီပါ။ မြန်မာပြည်ကိုချစ်ပါ ဆိုတာ ပါးစပ်နဲ့ ပြောရတာလွယ်သလောက် ကျင့်ကြံဖို့က အင်မတန်ခက်ပါတယ်။ (ဒီမိုသမားတွေ အချင်းချင်းစည်းလုံးကြပါဆိုတာ ပါးစပ်နဲ့ပဲပြောလို့လွယ်ပါတယ်။ ပရိုပိုဇယ်ငွေတွေကို လုနေရတဲ့အခြေအနေမှာ လောဘတက်ပြီး အဆင်မပြေတာ ထူးဆန်းသလား? နအဖစစ်ဗိုလ်တွေ မင်းကျင့်တရား ၁၀ပါးနဲ့ညီအောင် အုပ်ချုပ်ပါဆိုတာလဲ ပါးစပ်နဲ့ပဲ ပြောလို့လွယ်ပါတယ်။ တကယ်တမ်း အာဏာနဲ့ငွေတွေ ကြောင့် လောဘတက်တာလဲ မထူးဆန်းပါဘူး) ကျုပ်တို့ရဲ့ အတ္တတွေကို လျှော့ဖို့ စကားလုံးလှလှလေးတွေနဲ့ ရေးထားတဲ့ စာပေတွေကို ဖတ်လို့ ဘာမှအကျိုးမရှိပါဘူး။ မြတ်ဗုဒ္ဓ၏ တရားဓမ္မဆေးကို မှီဝဲမှသာ ဖြစ်ပါမည်။ ဒါ့ကြောင့် ၀ိပဿနာတရားကို တတ်နိုင်သလောက် ကျင့်ကြံကျပါ။ မေတ္တာဘာဝနာကို ပွားများကြပါ။ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စောက်တင်းပြောခြင်းသည် နိုင်ငံရေးလုပ်ခြင်းမဟုတ် ဆိုတာသတိထားကြပါ။ စောက်တင်း ပြောခြင်းသည် လက်တွေ့တွင် ဘာမှ အကျိုးမရှိ။ မိမိကိုယ်ကို ကောင်းမွန်ရန် ရည်ရွယ်၍ တရား အားထုတ်ခြင်းကသာ လက်တွေ့ကျသော နိုင်ငံရေးလုပ်ခြင်းဖြစ်၏။ သို့မှသာ မိမိလူ့ဘောင် အကျိုးကို သယ်ပိုးလိုသည့် စိတ်ဆန္ဒများ ပေါ်ထွက်လာပေမည်။ မိမိလူ့ဘောင် အကျိုးကိုဆောင်ရွက်မယ်လိုသူတွေ ပေါများလာမယ်ဆိုရင် ခေါင်းဆောင်မကောင်းရင်တောင် အနည်းဆုံးတော့ စိတ်ချမ်းသာမှုတော့ရကြမှာပါ။ ဒါ့ကြောင့် မြတ်ဗုဒ္ဓ၏ တရားဓမ္မကို နှစ်သစ်မှာ စိတ်သစ်၊ အတွေးအခေါ်အသစ်တွေနဲ့ ကျင့်ကြံဖို့ အကြံပြုလိုက်ပါတယ်။

No comments: